နိဂုံး
ကိုယ့်အဖွဲ့အစည်းက ဘယ်လိုအရွယ်အစားပဲဖြစ်နေနေ၊ ဖော်ပြခဲ့တဲ့ အပိုင်းတွေအလိုက် အကြံပြု လမ်းညွှန်မှုတွေကို လက်တွေ့လုပ်ပြီး ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် ဆက်သွယ်ရေး မဟာဗျူဟာတစ်ခု ချမှတ်နိုင်ရင် ကိုယ့်အဖွဲ့အစည်းရဲ့ ဂုဏ်သတင်း၊ လုပ်ဆောင်ချက်တွေနဲ့ အသိပေးနှိုးဆော်မှုတွေဟာ ဦးတည်အုပ်စုတွေကြားမှာ ထိထိရောက်ရောက် တိုးတက်ပြန့်နှံ့လာမှာဖြစ်ပြီး၊ ရေရှည်ထိတွေ့ပါဝင်မှုတွေဆီ ဦးတည်သွားမှာပဲ ဖြစ်ပါတယ်။
လူမှုကွန်ရက်ဟာ တွက်ချက်ဇယားချပြီး လုပ်ရတဲ့ သိပ္ပံပညာဆန်တဲ့အပိုင်း ရှိသလို၊ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်တဲ့ အနုပညာသဘောလည်း ရှိပါတယ်။ လူမှုကွန်ရက်ကို အသုံးပြုပြီး ဦးတည်အုပ်စုတွေကို ကျယ်ပြန့်လာအောင်၊ ခိုင်မာလာအောင် ဆက်သွယ်ဖို့ ဆောင်ရွက်ရာမှာ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ဒီလမ်းညွှန်ထဲမှာ ပါဝင်တဲ့ အကြံပြုချက်လေးတွေ၊ နည်းလမ်းတွေ၊ နည်းပညာကိရိယာတွေကို အသုံးပြုနိုင်မယ်ဆိုရင် အကျိုးရှိမှာ အသေအချာပါပဲ။
အချိန်ကြာလာတာနဲ့အမျှ ဘယ်အကြောင်းအရာတွေက ကိုယ့်ဦးတည်အုပ်စုအတွက် သင့်လျော်တယ်၊ ဘယ်အကြောင်းအရာတွေကတော့ လူတွေကြားမှာ ပြောဆိုဆွေးနွေးစရာ ဖြစ်သွားတယ်ဆိုတာ သိလာမှာပါပဲ။ အဲဒီ သိနားလည်မှုပေါ် အခြေခံပြီး ကိုယ့်အရပ်ဘက်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် ဆက်သွယ်ရေး မဟာဗျူဟာကို အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင် ပြန်လည်ချိန်ညှိနိုင်မှာပါ။
ဒါပေမယ့် အရေးအကြီးဆုံးအချက်တစ်ခုတော့ ရှိပါသေးတယ်။
အဲဒါကတော့ လူမှုကွန်ရက်ကနေ ဆက်သွယ်ဖို့ ဖော်ပြခဲ့တဲ့ အပိုင်းတွေအားလုံးကို လက်တွေ့လုပ်ဆောင်ရာမှာ ပေါ့ပါးလန်းရွှင်တဲ့ စိတ်ကို အရင်းခံပြီး လုပ်ဆောင်ဖို့ပါပဲ။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားဖို့မလိုပါဘူး။ လူမှုကွန်ရက် ဆက်သွယ်ရေးမဟာဗျူဟာဆိုတာ တစ်ပွဲတိုးလုပ်ရတဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ ရေရှည်အတွက် စဉ်းစားပြီး လုပ်ကိုင်ရတဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။
ဦးတည်အုပ်စုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်လိုတယ်ဆိုရင် အမြဲတမ်း မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကို သုံးနိုင်မှ ဖြစ်လာမှာပါ။ အဲဒီအတွက် အကောင်းဆုံးအချိန်ကတော့ အခုပဲ ဖြစ်ပါတယ်။
Last updated
Was this helpful?