အပိုင်း - ၂ ဦးတည်အုပ်စု ရွေးချယ်သတ်မှတ်ခြင်း

အပိုင်း ၂ ကို ဖတ်ရှုတဲ့အခါ ဒီမေးခွန်းတွေကို အဖြေရှာနိုင်မှာပါ

လူမှုကွန်ရက်မီဒီယာကို အသုံးပြုပြီး ဆက်သွယ်ကြတဲ့အခါ စာပဲတင်တင်၊ ပုံပဲတင်တင် ကိုယ့်ဦးတည်ပရိသတ်က ဘယ်သူလဲဆိုတာ ရေရေရာရာရှိဖို့အရေးကြီးပါတယ်။

ဥပမာ ကိုယ့်အဖွဲ့အစည်းက လူမှုကွန်ရက်ပေါ်မှာ လှုပ်ရှားမှုလေးတစ်ခု လုပ်ချင်တယ်။ အဖွဲ့အစည်းရဲ့ Page ကို Like & Follow လုပ်ထားသူတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီလူတွေက ဘာကို စိတ်ဝင်စားကြတာလဲ။ ဘယ်လိုအကြောင်းအရာတွေက သူတို့ကို ဆွဲဆောင်နိုင်မလဲ။ ဘယ်လို တိုက်တွန်းရင် သူတို့ဘက်က ကိုယ့်လှုပ်ရှားမှုမှာ ပါဝင်လာမလဲ။ ဒီလိုအချက်တွေကိုမသိရင် ကိုယ့်လှုပ်ရှားမှုကလည်း ထီထိုးရသလိုပါပဲ။ ထိရောက်မယ် မထိရောက်ဘူးဆိုတာ မသေချာပါဘူး။

သန်းနဲ့ချီတဲ့ လူမှုကွန်ရက်အသုံးပြုတဲ့သူအားလုံးကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးနိုင်ဖို့ မလွယ်ပါဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည်ချက်တွေ၊ ခံယူပုံတွေ၊ နှစ်သက်မှုတွေနဲ့ ဆက်စပ်လို့ရနိုင်တဲ့သူတွေကသာ ကိုယ့်တင်ပြဆက်သွယ်မှုကို အရင်ဆုံးလက်ခံကြမှာပါ။ ဒါ့ကြောင့် အဲသလို ဆက်စပ်လို့ ရနိုင်မယ့် လူမှုကွန်ရက်အသုံးပြုသူတွေကို ဦးစားပေးပြီး ဆက်သွယ်နိုင်ဖို့ လိုပါတယ်။ သူတို့ကို ဦးတည်အုပ်စုတွေလို့ပဲ ခေါ်ကြပါစို့။

လူမှုကွန်ရက်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တခြားသူတွေထက် တစ်မူထူးခြားစွာနဲ့ ပိုင်ပိုင်နိုင်နိုင် ဆက်သွယ်တင်ပြနိုင်တာဟာ သူတို့ရဲ့ ဦးတည်အုပ်စုထဲမှာ ဘယ်လိုလူတွေပါလဲလို့ တိတိကျကျ သိထားကြတာကြောင့်ပါပဲ။

ပရိသတ်ဥပဓိရုပ်

ဦးတည်အုပ်စု သတ်မှတ်ဖို့ ပေါ့ပေါ့ပါးပါးလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ user persona (ပရိသတ် ဥပဓိရုပ်) ကို ရေးဆွဲကြည့်ဖို့ပါပဲ။ ရေးဆွဲရတာ မခက်ခဲပါဘူး။ အွန်လိုင်းပေါ်မှာ ပရိသတ်ဥပဓိရုပ်ရေးဆွဲဖို့ အခမဲ့သုံးနိုင်တဲ့ tool တွေ ရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ Uxpressia Persona Online Tool ပါပဲ။ [အခြားအလားတူ Tool တွေကိုလည်း သုံးနိုင်ပါတယ်။]

အဲဒီ tool ထဲမှာ ကိုယ့်ဦးတည်အုပ်စုမှာ တွေ့ရလေ့ရှိတဲ့ အချက်အလက်တွေကို ဖြည့်ပေးရမှာပါ။ ဖြည့်စွက်ရာမှာ စိတ်ကူးပုံဖော်ထားတဲ့ အချက်အလက်တွေကို ဖြည့်စွက်နိုင်သလို၊ လက်တွေ့ စစ်တမ်းပြုလုပ် အချက်အလက်အတိအကျ ကောက်ယူဖြည့်စွက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဖြည့်စွက်ပြီးတဲ့အခါ နမူနာ ဆက်လက်ဖော်ပြထားသလို ဦးတည်အုပ်စုဆိုင်ရာ အချက်အလက်ကို export ထုတ်ယူလို့ရပါတယ်။

ပရိသတ်ဥပဓိတွေကို တစ်ခုမက ပြုစုထားနိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ့်ဦးတည်အုပ်စုထဲမှာ အဓိကအုပ်စုကြီး နှစ်ခုရှိရင် ပရိသတ်ဥပဓိ နှစ်မျိုး၊ သုံးခုရှိရင် သုံးမျိုး စသဖြင့် ပြုစုရမှာပါ။ ဒါမှသာ အကြောင်းအရာ တစ်မျိုးတည်းကိုပဲ ပရိသတ်နှစ်မျိုးလုံးကို အာရုံစိုက်ပြီး တင်ပြပုံနှစ်မျိုးနဲ့ ရေးသားလိုက်တဲ့အခါ ပိုထိရောက်မှာပါ။ Uxpressia Persona Online Tool ကိုသုံးတဲ့အခါ မြန်မာဘာသာနဲ့ ဖြည့်စွက်ပြီး export ထုတ်ယူဖို့ အဆင်မပြေတာ ကြုံနိုင်တဲ့အတွက် အလားတူပုံစံတစ်ခုကို မြန်မာဘာသာနဲ့ နောက်ဆက်တွဲ (ခ) မှာ ပြုလုပ်ပေးထားပါတယ်။

Last updated

Was this helpful?