အပိုင်း - ၁ ဆက်သွယ်ရေး စွမ်းဆောင်မှုပန်းတိုင်များ သတ်မှတ်ခြင်း
မဟာဗျူဟာမြောက်တဲ့ ရည်ရွယ်ချက်တွေ
လူမှုကွန်ရက်အသုံးပြုဆက်သွယ်ဖို့ မဟာဗျူဟာတစ်ခု မဆွဲခင်မှာ မေးစရာရှိတာက ကိုယ့်ရည်ရွယ်ချက်က ဘာလဲ၊ လူမှုကွန်ရက်ကိုသုံးပြီး ကိုယ်လိုချင်တာ ဘာလဲလို့ မေးရမှာပါ။ လူမှုကွန်ရက်ကို အသုံးပြုကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ အတွေ့ရများတဲ့ ရည်ရွယ်ချက် တချို့ကို HubSpot နည်းပညာကုမ္ပဏီက အောက်ပါအတိုင်း ဖော်ပြပါတယ်။
သတင်းမျှဝေဖို့
အဖွဲ့အစည်းအမည်ကို မှတ်မိနေစေဖို့
အကြောင်းအရာ တစ်ခုကို အသိပညာပေးဖို့
ရန်ပုံငွေ ရှာဖွေဖို့
စေတနာ့ဝန်ထမ်း ရှာဖွေဖို့
အလှူရှင်တွေ သတိထားမိစေဖို့
ဒါတွေက ယေဘုယျဆန်တဲ့ ရည်ရွယ်ချက်တွေပါပဲ။ ဒါပေမယ့် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်ဆက်သွယ်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်တဲ့အခါမှာတော့ ပိုပြီးတိကျလေ ကောင်းလေေပါ့။ ဒါ့ကြောင့် ရည်မှန်းချက်ပန်းတိုင်တွေကို ရေးသားရာမှာ အထောက်အကူဖြစ်စေဖို့ တိတိကျကျ ရေးသားထားတဲ့ နမူနာတချို့ကို ဖော်ပြပါဦးမယ်။
ဥပမာတွေကို လေ့လာပြီးတဲ့နောက်မှာ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို တိတိကျကျ ရေးသားဖော်ပြဖို့ စိတ်ကူးတွေ ရလာနိုင်ပါတယ်။ လူမှုကွန်ရက်ကို အသုံးပြုရာမှာ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို အတည်တကျ၊ အတိအကျ သတ်မှတ်ပြီးပြီဆိုရင်တော့ အဲဒီရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ဖို့ တစ်ဆင့်ချင်း လုပ်ဆောင်ရမယ့်ကိစ္စတွေကို ဆက်လက် အကောင်အထည် ဖော်ရတော့မှာပါ။
ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် အသုံးပြုရတဲ့ ရည်ရွယ်ချက်ကို သတ်မှတ်ရာမှာ တိကျမှုရှိလေ ကောင်းလေပါပဲ။ အချိန်ကာလအတိုင်းအတာ (ဥပမာ - ခြောက်လ၊ တစ်နှစ် အတွင်းမှာ ဘယ်လိုရလဒ်တွေ ဘယ်လောက်အထိ ရချင်သလဲဆိုတာ အသေးစိတ် ထည့်စဉ်းစားသင့်ပါတယ်။
SMART လို့ အတိုကောက် သုံးနှုန်းကြတဲ့ Specific (တိကျမှု)၊ Measurable (တိုင်းတာနိုင်မှု)၊ Achievable (ရရှိနိုင်မှု)၊ Relevance (ဆီလျော်မှု)၊ Time-bound (အချိန်အတိုင်းအတာ သတ်မှတ်ထားမှု) တွေနဲ့ ကိုက်ညီလေ လူမှုကွန်ရက် ဆက်သွယ်ရေးရဲ့ အောင်မြင်မှုကို တိုင်းတာဖို့ အဆင်ပြေလေ ဖြစ်မှာပါ။
KPI တွေရဲ့သဘာဝ
လူမှုကွန်ရက်ပေါ်မှာ ကိုယ့်အရပ်ဘက်အဖွဲ့အစည်းကို အားပေးသူပရိသတ် အခိုင်အမာနဲ့ ရေရှည် ရရဲ့လား၊ သူတို့နဲ့ အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်ရဲ့လား သိရှိနိုင်ဖို့ လူမှုကွန်ရက် ဆက်သွယ်မှုဆိုင်ရာ KPI တွေကို ကြည့်ရပါတယ်။
လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ အဓိကထား တိုင်းတာနိုင်တဲ့ KPI ကဏ္ဍသုံးမျိုး ရှိပါတယ်။
ပြန့်နှံ့ရောက်ရှိမှု (Reach) - အသုံးပြုသူ ဘယ်နှစ်ဦးက ကိုယ့်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့လိုက်ရလဲ။
ထိတွေ့တုံ့ပြန်မှု (Engagement) - ကိုယ့်ဦးတည်အုပ်စုထဲက ဘယ်နှစ်ဦးက ကိုယ့်အဖွဲ့အစည်းရဲ့ တင်ဆက်ဖော်ပြမှုတွေကို ထိတွေ့တုံ့ပြန်မှုရှိသလဲ။
လိုက်ပါဆောင်ရွက်မှု (Conversion and Lead) - ကိုယ်က link ကို နှိပ်ပါဆိုရင် နှိပ်တဲ့၊ အလှူခံရင် ထည့်တဲ့၊ စေတနာ့ဝန်ထမ်းခေါ်ရင် လာလျှောက်တဲ့သူ ဘယ်နှစ်ဦးရှိသလဲ။
လူမှုကွန်ရက် ဆက်သွယ်မှုဆိုင်ရာ KPI တွေကို တိုင်းတာနိုင်ရင် ကိုယ့်အရပ်ဘက်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်က ဆက်သွယ်ဖို့ ကြိုးစားတာတွေ ထိရောက်မှုရှိရဲ့လား၊ ဘယ်နေရာမှာ အားနည်းချက် ရှိသလဲ၊ ဘယ်အပိုင်းကို ပိုမိုအားစိုက်ရင် ရည်ရွယ်ချက်ကို ပေါက်မြောက်နိုင်လဲ ဆိုတာတွေကို တိတိကျကျ သိရလို့ အကျိုးရှိမှာ သေချာပါတယ်။
ဒါ့ကြောင့် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် ဆက်သွယ်မှု မဟာဗျူဟာတစ်ရပ်ကို စတင်ဖို့
ကိုယ့်အဖွဲ့အစည်းဟာ လူမှုကွန်ရက်ကို ဘယ်လိုရည်ရွယ်ချက်ပန်းတိုင်ထားရှိပြီး အသုံးပြုမယ်
ဘယ်လို KPI တွေကို သတ်မှတ်တိုင်းတာသွားမယ်ဆိုတာတွေကို ပထမဆုံးအဆင့်အဖြစ် ချမှတ်ဆုံးဖြတ်ရမှာပါ။
ဒီနှစ်ချက်ကို ရွေးချယ်သတ်မှတ်ပြီးရင် ရှေ့ဆက်ရမယ့် အဆင့်တွေအတွက် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ဖို့ နောက်ဆက်တွဲ (က) ထဲမှာ ထည့်သွင်းရေးသားထားနိုင်ပါတယ်။
အပိုင်း ၁ ကို ဖတ်ရှုပြီးစီးတဲ့အခါ ဒီလို နားလည်ခဲ့ပါသလား
Last updated
Was this helpful?