အပိုင်း - ၃ သင့်တော်သည့် လူမှုကွန်ရက်များ ရွေးချယ်ခြင်း
ပရိသတ်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း သတ်မှတ်ပြီးရင်တော့ သူတို့ကို ဆက်သွယ်ဖို့မကြိုးစားခင်မှာ သူတို့ ဘယ်နေရာတွေမှာ ပျော်လဲ၊ ဘယ်နေရာတွေကို သွားလေ့သွားထရှိသလဲဆိုတာ သိဖို့ လိုပါတယ်။ ဘယ်လူမှုကွန်ရက်မှာ သူတို့ သွားစုဝေးနေကြသလဲဆိုတာ နားလည်ရုံတင်မကဘဲ ဘယ်လူမှုကွန်ရက်ကို သူတို့က တက်တက်ကြွကြွ သုံးတတ်ကြသလဲ၊ ဘယ်နေရာမှာ သူတို့အသံ ပိုကြားရနိုင်လဲ ဆိုတာတွေပါ သိဖို့အရေးကြီးပါတယ်။
ကိုယ့်ဦးတည်ပရိသတ်တွေကို လူမှုကွန်ရက်တစ်ခုတည်းမှာသာမက နှစ်ခုသုံးခုလောက်ထိ ပြန့်နှံ့သုံးစွဲနေကြတာ တွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့်တော့ လူမှုကွန်ရက်တိုင်းမှာ အဖွဲ့အစည်းအနေနဲ့ account ဒါမှမဟုတ် page တစ်ခု ရှိနေဖို့ မလိုပါဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမယ့် လူမှုကွန်ရက် နှစ်ခုဖြင့် နှစ်ခု၊ သုံးခုဖြင့် သုံးခု သတ်သတ်မှတ်မှတ် ရွေးချယ်လိုက်ဖို့သာ အရေးကြီးပါတယ်။
အဖွဲ့အစည်းအများစုက လူမှုကွန်ရက်ပေါင်းစုံမှာ အကောင့်ပေါင်းများစွာ လိုက်ဖွင့်တတ်ကြပါတယ်။ ဒါပေမယ့် လပိုင်းအတွင်းမှာပဲ သိပ်ပြီး တက်ကြွလှုပ်ရှားမှုမရှိတဲ့ ‘အကောင့်သေ’ တွေ ဖြစ်သွားတာနဲ့ပဲ ဇာတ်လမ်းပြီးသွားတတ်ကြတယ်။ အဲဒီအခါမှာ တစ်ဖက်က၊ တစ်စုံတစ်ယောက်က ဆက်သွယ်လာရင် တုံ့ပြန်ပြောဆို ရှင်းလင်းပေးနိုင်စွမ်း မရှိတော့ပါဘူး။ အဲသလိုဖြစ်တာက လူမှုကွန်ရက်ပေါ်မှာ နေရာယူမထားဘဲ ဒီတိုင်းနေတာထက်တောင်မှ ပိုဆိုးရွားပါသေးတယ်။
ဒါ့ကြောင့် ဒီအပိုင်းမှာ လက်ရှိ အသုံးများကြတဲ့ လူမှုကွန်ရက်တွေရဲ့ ကွဲပြားတဲ့သဘာဝတွေကို အတိုချုပ် နှိုင်းယှဉ်ပြဖို့နဲ့ အဲဒီလူမှုကွန်ရက်တွေကို ထိထိရောက်ရောက် ထိန်းချုပ်လို့ရတဲ့ နည်းပညာ ပလက်ဖောင်းတစ်ခု ရွေးချယ်နိုင်ဖို့ အကြံပြုဖော်ပြပေးသွားမှာပါ။
လူမှုကွန်ရက်များ
အသုံးပြုပုံနည်းလမ်းတွေ ကွာခြားတာကိုလိုက်လို့ လူမှုကွန်ရက်တွေရဲ့ သဘာဝကလည်း ကွဲပြားကြပါတယ်။ တချို့လူမှုကွန်ရက်တွေက မီဒီယာပစ္စည်း (ဥပမာ - ရုပ်သံဖိုင်၊ ဓာတ်ပုံ၊ အရေးအသား၊ စာရွက်စာတမ်း စသဖြင့်) ဝေမျှဖို့ အဓိကထားကြပါတယ်။ အဲသလို မီဒီယာမျှဝေမှု လူမှုကွန်ရက် (Media Sharing Networks) တွေထဲမှာ လူသိများတာကတော့ ရုပ်သံဖိုင်တွေ မျှဝေဖို့အတွက် You Tube၊ Instagram၊ အသံဖိုင်တွေ မျှဝေဖို့ SoundCloud၊ အချက်အလက်ဖိုင်နဲ့ စာရွက်စာတမ်း အမျိုးမျိုး မျှဝေဖို့ GoogleDrive နဲ့ DropBox၊ Powerpoint ဖိုင်တွေ မျှဝေဖို့ SlideShare စသဖြင့် ရှိကြပါတယ်။ ဒီလမ်းညွှန်ထဲမှာတော့ အဲဒီ မီဒီယာမျှဝေမှု လူမှုကွန်ရက်တွေအကြောင်း ဆက်လက်ဆွေးနွေးမှာ မဟုတ်ပါဘူး။
လူတွေအချင်းချင်း ချိတ်ဆက်ပေးတဲ့ (Social Networking) လူမှုကွန်ရက်တွေနဲ့ ပတ်သက်လို့ပဲ ဆက်လက်ဆွေးနွေးသွားပါမယ်။ ယေဘုယျအားဖြင့်တော့ အဲဒီ လူမှုကွန်ရက်တွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် နည်းပေါင်းများစွာနဲ့ အသုံးဝင်နိုင်ပါတယ်။ အဲဒီ အသုံးဝင်တဲ့ နည်းလမ်းတွေထဲက အဓိကကျတဲ့ တချို့ကတော့ ....
လူသိများပြီး အသုံးတွင်ကျယ်တဲ့ အဲသလို လူမှုကွန်ရက်တွေကတော့ အောက်ပါအတိုင်းပါပဲ။
၂၀၂၀ ဇန်နဝါရီလမှာ မြန်မာနိုင်ငံအတွင်း အသုံးပြုသူ ၂၁ သန်းရှိတယ်လို့ Facebook ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ အကျယ်တပြန့် မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူအများနဲ့ ရင်းနှီးနေတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်ပြီး ဓာတ်ပုံ၊ စာနဲ့ ရုပ်သံဖိုင်တွေကို မျှဝေနိုင်သလို၊ Group နဲ့ Facebook Messenger တို့လို Feature တွေကိုပါ အသုံးပြုနိုင်တဲ့အတွက် လူတစ်ဦးချင်းအပြင်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အသုံးပြုကြလေ့ရှိပါတယ်။
အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်ကြသူတွေ အလုပ်ကိစ္စ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့၊ ဝန်ထမ်းခန့်ထားဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ သုံးရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေ ရှာဖွေနိုင်ဖို့ အသုံးပြုကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ အသုံးပြုသူ ၅၁၀,၀၀၀ ကျော် ရှိပြီလို့ သိရပါတယ်။
အက္ခရာလုံးရေ ၂၈၀ အထိပဲ ကန့်သတ်ထားတဲ့အတွက် စာအရှည်ကြီးတွေ ရေးလို့မရဘဲ လိုတိုရှင်း ရေးနိုင် ဖတ်နိုင်တာက Twitter ရဲ့ ထူးခြားချက်ပါပဲ။ ဖျော်ဖြေရေး သတင်းတွေ၊ နိုင်ငံရေး အကြောင်းအရာတွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အများဆုံး တွေ့မြင်ရပါတယ်။ အထူးသဖြင့် အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ဖို့ သုံးကြတာပါ။ အဖွဲ့အစည်းမှာ ပုံမှန်အချက်အလက် အကြောင်းအရာတွေ ထပ်ဖြည့်နေတဲ့ ဝက်ဘ်ဆိုဒ်ရှိတယ်ဆိုရင် အဲဒီက link ကို ကောက်နုတ်ချက်၊ မှတ်ချက်ခပ်တိုတိုနဲ့ tweet လုပ်တာမျိုးက ပိုထိရောက်စေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Twitter အသုံးပြုသူ ၁၃၈,၀၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
နှစ်စဉ် ပြောင်းလဲနေတဲ့ မိုဘိုင်းဖုန်း၊ အင်တာနက်နဲ့ လူမှုကွန်ရက် အသုံးပြုမှု ကိန်းဂဏန်းတွေကို သိရှိနိုင်ဖို့ ဒီမှာ ရှာဖွေနိုင်ပါတယ်။ သတိပြုဖို့ ထပ်ဖော်ပြလိုတာတော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လိုအပ်ချက်နဲ့ သတင်းအချက်အလက် အကြောင်းအရာတွေရဲ့ သဘာဝနဲ့ ကိုက်ညီတဲ့ လူမှုကွန်ရက်ကို ရွေးချယ်အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှမဟုတ် မတူညီတဲ့ သဘာဝနဲ့ ပရိသတ်တည်ရှိမှုကိုအလိုက် မတူညီတဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေကို ဖြန့်ကျက်ဖော်ပြတဲ့နည်းကိုလည်း အသုံးပြုနိုင်ပါတယ်။
လူမှုကွန်ရက် ပလက်ဖောင်းတွေ တစ်ခုထက်ပိုပြီး သုံးရတဲ့အခါမှာ Account Name နဲ့ စကားဝှက်တွေက ရောယှက်ရှုပ်ထွေးသွားလေ့ရှိလို့ ကိုယ့်အဖွဲ့အစည်းအတွက် တစ်စုတစ်စည်းတည်း ထားရှိနိုင်အောင် နောက်ဆက်တွဲ (ဃ) ကို အသုံးပြုနိုင်ပါတယ်။
လူမှုကွန်ရက်စီမံခန့်ခွဲမှု ပလက်ဖောင်းများ
တစ်ခုထက်ပိုတဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို ဖွင့်ထားမယ်ဆိုရင်တော့ သုံးနေသမျှ လူမှုကွန်ရက်တိုင်းမှာ ဝင်ချည်ထွက်ချည်နဲ့ စောင့်ကြည့်ရတာ၊ စိစစ်ရတာ၊ ဆက်သွယ်မှုတွေကို အကြောင်းပြန်ကြားရတာ စသဖြင့် စီမံခန့်ခွဲမှုအပိုင်းမှာ ပိုပြီး အချိန်ယူရသလို တာဝန်လည်း ကြီးလေးမှာပါပဲ။
ဒါ့ကြောင့် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ လူမှုကွန်ရက် စီမံခန့်ခွဲမှုပလက်ဖောင်းတွေ ထူထောင်လာကြတာပါ။
ဒီလို လူမှုကွန်ရက် စီမံခန့်ခွဲမှု ပလက်ဖောင်းတွေကို အဓိကအားဖြင့် လူမှုကွန်ရက် မျက်နှာစာပေါင်းများစွာရှိတဲ့၊ အရွယ်အစားကြီးမားတဲ့ အရပ်ဘက်အဖွဲ့အစည်းကြီးတွေက အသုံးပြုလေ့ရှိကြပါတယ်။ လူအနည်းငယ်မျှနဲ့ ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကတော့ အသုံးပြုနေတဲ့ လူမှုကွန်ရက်ပလက်ဖောင်းက ဖန်တီးထားတဲ့ ပလက်ဖောင်းတွေ (ဥပမာ Facebook မှာဆိုရင် Creator Studio) ကိုပဲ သုံးနိုင်ပါတယ်။
လူမှုကွန်ရက် စီမံခန့်ခွဲမှု ပလက်ဖောင်းတွေရဲ့ အသုံးဝင်ပုံတချို့ကို ဖော်ပြပါဦးမယ်။
Twitter, Facebook, LinkedIn အစရှိတဲ့ လူမှုကွန်ရက်တွေမှာ ကိုယ့်အဖွဲ့အစည်းက တင်ဆက်ဖော်ပြချင်တဲ့ အကြောင်းအရာတွေ၊ မျှဝေချင်တဲ့ သတင်းစကားတွေကို တစ်စုတစ်စည်းတည်း တစ်နေရာတည်းကနေ အချိန်ဇယားပေးပြီး တင်နိုင်တယ်။
မတူညီတဲ့ လူမှုကွန်ရက်တွေမှာ မဟာဗျူဟာတကျ ဖော်ပြမယ့် အကြောင်းအရာနဲ့ သတင်းစကားတွေကို ခြုံငုံပြီး တစ်နေရာတည်းမှာ မြင်နိုင်တဲ့အတွက် ပိုပြီး ရှေ့နောက်ညီညွတ် အစီအစဉ်တကျနဲ့ အဖွဲ့အစည်းရဲ့ ပုံရိပ်နဲ့ ဆက်သွယ်မှုတွေ ဖြစ်လာနိုင်တယ်။
ဒါ့အပြင် လူမှုကွန်ရက်ပေါင်းစုံမှာ ကိုယ့်အရပ်ဘက်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ၊ သတင်းစကားတွေကို တုံ့ပြန်မှတ်ချက်ပေးတာတွေကို တစ်နေရာတည်းက စုစည်းပြီး အသိအမှတ်ပြုတာ၊ အကြောင်းပြန်ကြားတာတွေကို လုပ်နိုင်စေတယ်။
ဘယ်အရေးအသား၊ ဘယ်အကြောင်းအရာက ပြန့်နှံ့မှု အားကောင်းသလဲ၊ တုံ့ပြန်ပါဝင်မှု အားကောင်းသလဲ ဆိုတာတွေကို တိုင်းတာနိုင်ရင် ရှေ့ဆက်လုပ်ဆောင်ရမယ့် လူမှုကွန်ရက် အသုံးပြုပြီး ဆက်သွယ်တာတွေကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်လာမယ်။
အဲသလို အဆင်ပြေမှု၊ ထိရောက်မှုတွေကို ဆောင်ကျဉ်းပေးနိုင်တဲ့ လူမှုကွန်ရက် စီမံခန့်ခွဲမှု ပလက်ဖောင်းများစွာရှိပါတယ်။ အဲဒီထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အသုံးပြုဖို့ကောင်းတဲ့ ပလက်ဖောင်းအချို့အဖြစ် Hootsuite, Buffer, PostPlanner, Loomly, Sprout Social, SmarterQueue, Planable တို့ကို Wild Apricot ဝက်ဘ်ဆိုက်က အကြံပြုထားပါတယ်။ အဲဒီထဲကမှ အသုံးများတဲ့ Hootsuite နဲ့ Buffer တို့ကို ဥပမာပေး မိတ်ဆက်ဖော်ပြပေးပါဦးမယ်။
သုံးရလွယ်တာနဲ့ ဈေးနှုန်းသင့်တင့်တာတို့ကြောင့် Hootsuite ဟာ အသုံးများတဲ့ လူမှုကွန်ရက် စီမံခန့်ခွဲမှု ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေရာတည်းကနေ Facebook, Instagram, Twitter, LinkedIn နဲ့ YouTube တို့ကို စီမံခန့်ခွဲနိုင်ပါတယ်။ လူမှုကွန်ရက် ပို့စ် ၃၅၀ အထိ တစ်ချိန်တည်းမှာ အချိန်ဇယားနဲ့ ကြိုပြီး တင်ထားနိုင်ပါတယ်။
လူတစ်ယောက်တည်းအတွက် လူမှုကွန်ရက် profile သုံးခုအထိ အခမဲ့ သုံးနိုင်ပါတယ်။ ဒီထက်ပိုများတဲ့ လူအရေအတွက်နဲ့ profile တွေအတွက်တော့ လစဉ်ကြေး နှုန်းထားတစ်ခု ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေအတွက် ထက်ဝက်နှုန်းနဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
Hootsuite လိုပဲ လူသုံးများတဲ့ လူမှုကွန်ရက်တွေမှာ ပို့စ်တွေ ကြိုပြီးတင်ထားလို့ရသလို၊ ဘယ်လိုတုံ့ပြန်မှုတွေ၊ ပြန့်နှံ့မှုတွေ ရှိတယ်ဆိုတဲ့ အစီရင်ခံစာ အချက်အလက်တွေ ထုတ်ယူလို့ရပါတယ်။ ဒါ့အပြင် Twitter နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး ရှင်းလင်းတဲ့ ဖွဲ့စည်းမှုရှိပါတယ်။
လူတစ်ယောက်ချင်း အနေနဲ့ လူမှုကွန်ရက် တစ်ခုအတွက်ပဲ သုံးမယ်ဆိုရင် အခမဲ့သုံးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခမဲ့ဗားရှင်းအတွက်တော့ Pinterest လူမှုကွန်ရက်ကို ခွင့်ပြုမထားသေးပါဘူး။ ကိုယ့်အဖွဲ့အစည်းထဲက လူတစ်ဦးထက်ပိုပြီး အတူသုံးမယ်ဆိုရင်တော့ လစဉ်ကြေး ပေးရမှာဖြစ်ပါတယ်။ Buffer ကလည်း အကျိုးအမြတ် မမျှော်ကိုးတဲ့ အဖွဲ့အစည်းတွေအတွက် ထက်ဝက်ဈေးနဲ့ အသုံးပြုခွင့် ရနိုင်တဲ့ လူမှုကွန်ရက် စီမံခန့်ခွဲမှု ပလက်ဖောင်းတစ်ခုပါပဲ။
အပိုင်း ၃ ကို ဖတ်ရှုပြီးစီးတဲ့အခါ ဒီလို နားလည်ခဲ့ပါသလား
Last updated
Was this helpful?