အပိုင်း - ၄ အကြောင်းအရာတင်ဆက်မှုမဟာဗျူဟာ ရေးဆွဲခြင်း
ကိုယ့်အဖွဲ့အစည်းရဲ့ ဦးတည်အုပ်စုအကြောင်း သေချာနားလည် သတ်မှတ်နိုင်ပြီးတော့ သူတို့နဲ့ ဆက်သွယ်မယ့် လူမှုကွန်ရက်တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုရင်တော့ အရပ်ဘက်အဖွဲ့အစည်း တစ်ခုအတွက် လူမှုကွန်ရက်ကနေ ဆက်သွယ်နိုင်ဖို့ ခရီးလမ်း လေးချိုးသုံးချိုးကို ရောက်ရှိသွားပါပြီ။ ရှေ့ဆက်ကြုံတွေ့ရမယ့် အပိုင်းကတော့ ကိုယ့်ဦးတည်အုပ်စုကို ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ ဘယ်လိုအကြောင်းအရာတွေကို ဘယ်လိုတင်ဆက်သွားမလဲ ဆိုတာပါပဲ။
စိတ်ကူးတည့်ရာရေးတာ၊ ကြုံသလို တင်ပြဆက်သွယ်တာတွေဟာ ကိုယ့်အဖွဲ့အစည်းရဲ့ ပုံရိပ်၊ ဒါ့အပြင် အဖွဲ့အစည်းက ရည်ရွယ်ထားတဲ့ သတင်းစကားတွေနဲ့ ပတ်သက်လို့ စိတ်ဝင်တစားရှိကြသူတွေအတွက် စိတ်ရှုပ်ထွေးစရာ၊ ဇဝေဇဝါ ဖြစ်စရာတွေကို ကြုံရနိုင်ပါတယ်။ ဒီလို ဆက်သွယ်ရေးကိုသာ ဆက်ပြီး ကျင့်သုံးနေမယ်ဆိုရင် အဆုံးတစ်နေ့မှာ လှည့်မကြည့်ချင်တော့လောက်အောင် ဖြစ်သွားနိုင်ပါတယ်။ အဲသလို အခြေအနေမျိုးကို ဘယ်အရပ်ဘက်အဖွဲ့အစည်းကမှ လိုလားကြမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တင်ဆက်ဖော်ပြမယ့် အကြောင်းအရာတွေကို အဆင့်ငါးဆင့်နဲ့ မဟာဗျူဟာကျကျ ရေးဆွဲထားဖို့ လိုပါတယ်။
ပထမအဆင့် - ဘယ်လေသံနဲ့ ပြောမလဲဆိုတာ သိထားပါ။
အရပ်ဘက်အဖွဲ့အစည်းတိုင်းဟာ ကိုယ်ကိုင်စွဲထားတဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် ရပ်တည်မှုနဲ့ ပတ်သက်ပြီး အလေးအနက်ထားကြစမြဲပါပဲ။ ဒါပေမယ့် လူမှုကွန်ရက်ကနေ အကြောင်းအရာ အမျိုးမျိုးကို တင်ပြရာမှာတော့ အဲဒီ ရည်ရွယ်ချက်၊ ရပ်တည်မှုတွေကို ထင်ဟပ်တဲ့ လေသံဖြစ်ဖို့ လိုပါတယ်။
အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းပေမယ့် တင်ပြပုံ တင်ပြနည်းနဲ့ လေသံဟန်ပန်တွေကြောင့် လူတွေကို ဆွဲဆောင်သင့်သလောက် မဆွဲဆောင်နိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။ လေသံဟန်ပန် ရွေးချယ်မှု မှန်ကန်တဲ့အခါ ...
ကိုယ့်ဦးတည်အုပ်စုနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ကြားမှာ အပြန်အလှန် ပြောဆိုဆက်ဆံချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်တွေကို သူတို့ကပါ ခံစားလာရပြီး ဂရုတစိုက်ရှိစေပါတယ်။ (ဥပမာ - ကိုယ်က ရင်းနှီးပွင့်လင်းတဲ့ လေသံဟန်ပန်တဲ့ တင်ဆက်ထားရင် သူတို့ကလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို ဖွင့်ဟ ပြောပြလာပြီး ကိုယ့်ရဲ့ ထင်မြင်ချက်နဲ့ အကူအညီတွေကို ရယူချင်လာပါလိမ့်မယ်။)
ဒါ့အပြင် ဦးတည်အုပ်စုရဲ့ ယုံကြည်မှုကိုလည်း ရရှိစေပါတယ်။ ကိုယ့်ရဲ့ အဖွဲ့အစည်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ အောင်မြင်မှုတွေကို မျှဝေတဲ့အခါ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်မှုတွေကို ပိုပြီးလက်ခံလာ၊ ယုံကြည်လာနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ကိုယ့်အဖွဲ့အစည်းရဲ့လေသံဟန်ပန်ကို မစိမ်းတော့တဲ့အခါ ကိုယ့်အဖွဲ့အစည်းရဲ့ နာမည်နဲ့ လုပ်ဆောင်ချက်တွေကိုလည်း မှတ်မှတ်ရရ ဖြစ်လာကြပါလိမ့်မယ်။
အဲသလို လေသံဟန်ပန်ကို ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့ လေသံအမျိုးမျိုး ကွဲပြားပုံကို အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။
ဥပမာ - ပုံမှန်အားဖြင့် "ဇွန်လ ၅ ရက်နေ့မှာ ကခဂ အဖွဲ့အစည်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ကျင်းပပါမယ်။" ဆိုတဲ့ အရေးအသားကို လေသံလေးတွေ စွက်လိုက်တဲ့အခါ အောက်ပါအတိုင်း မြင်ရမှာပါ။ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
ရယ်ရယ်မောမော
ကျွန်မတို့ ကခဂ အဖွဲ့က ဇွန်လ ၅ ရက်နေ့မှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲလေး လုပ်ဖို့ရှိတယ်။ မေ့ချင်ယောင် ဆောင်မနေနဲ့နော် 😂
အလေးအနက်
သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ လုပ်ဆောင်လျက်ရှိသော ကခဂအဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် ဆွေးနွေးပွဲတစ်ခုကို ကျင်းပမည် ဖြစ်ပါသည်။
ကိုယ့်ဦးတည်ပရိသတ်က နှစ်ခြိုက်မယ့်ပုံစံကို ရွေးချယ်နိုင်ခြင်းအားဖြင့် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုလေသံမျိုးနဲ့ ဆက်သွယ်တင်ပြမယ်ဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာကတော့ ရွေးချယ်ထားတဲ့ လေသံဟန်ပန် အတွဲအစပ်တစ်ခုကို တစိုက်မတ်မတ် အသုံးပြုသွားဖို့ပဲ ဖြစ်ပါတယ်။ လေးမျိုးလုံးမှာ ပုံမှန်တွေချည်းပဲ ရွေးထားရင် ဦးတည်အုပ်စုဝင်တွေအပေါ် ဆွဲဆောင်မှု အားနည်းနိုင်တာကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။
ဒုတိယအဆင့် - ဘယ်လောက်ကြာရင် တစ်ခါပြောမယ်ဆိုတာ သတ်မှတ်ထားပါ။
လူမှုကွန်ရက်ကို အသုံးပြုပြီး တင်ပြဆက်သွယ်ရာမှာ နေ့စဉ်ဖြစ်ဖြစ်၊ တစ်ရက်ခြားဖြစ်ဖြစ်၊ အပတ်စဉ်ဖြစ်ဖြစ်၊ လစဉ်ဖြစ်ဖြစ် အချိန်မှန်တင်ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့မှ ကိုယ့်ဦးတည်အုပ်စုကလည်း ဘယ်နေ့မှာ ဘာတွေကြားရဦးမလဲလို့ မျှော်နေကြမှာပါ။
သီးသန့်ပြက္ခဒိန်လေးတစ်ခုနဲ့ ဘယ်ရက်မှာ ဘယ်အကြောင်းအရာကို ရေးတင်မယ်ဆိုတာ သတ်မှတ်ပြင်ဆင်ထားနိုင်ပါတယ်။ အဲသလို သတ်မှတ်ရာမှာ ဦးတည်အုပ်စုရဲ့ နေ့စဉ်ဘဝတွေ၊ ရာသီဥတုနဲ့ ပွဲလမ်းသဘင်တွေကို ထည့်စဉ်းစားဖို့ လိုသလို၊ ချိတ်ဆက်ဖော်ပြနိုင်ရင် အဆင်ပြေတာတွေလည်း ရှိပါတယ်။ ပုံမှန်တင်ဆက်နိုင်ခြင်းအားဖြင့် မေ့လောက်အောင် မဆက်သွယ်ဘဲ ပစ်ထားတာ၊ ဒါမှမဟုတ် တင်မယ့်တင်ပြန်တော့လည်း မွစိတက်နေအောင် တင်တာတွေကို ရှောင်ရှားနိုင်မှာပါ။
အဲသလို အချိန်မှန်တင်ဖို့ဆိုရင် အပိုင်း (၃) မှာ ဖော်ပြခဲ့တဲ့ လူမှုကွန်ရက် စီမံခန့်ခွဲမှု ပလက်ဖောင်းတွေကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ ကိုယ်နည်းကိုယ့်ဟန်နဲ့ တင်မယ်ဆိုရင် လအလိုက်၊ အပတ်စဉ်အလိုက်၊ ရက်အလိုက် တင်ရမယ့် အကြောင်းအရာတွေ (စာ၊ ဓာတ်ပုံ၊ ရုပ်သံ စတဲ့ ဖိုင်အမျိုးအစားစုံ) ကို စနစ်တကျစုစည်းပြီး Folder တစ်ခု လုပ်ထားတာ၊ DropBox၊ Google Drive အစရှိတဲ့ cloud sharing ပေါ်မှာ တင်ပြီး သက်ဆိုင်ရာအဖွဲ့သားတွေနဲ့ ဝေမျှသိမ်းဆည်းထားနိုင်ပါတယ်။ (နောက်ဆက်တွဲ (င) မှာ အကြောင်းအရာတင်ဆက်မှု တစ်လတာ ပြက္ခဒိန်တစ်ခု နမူနာဖော်ပြထားပါတယ်။)
တတိယအဆင့် - ကိုယ့်ဦးတည်အုပ်စုရဲ့ အမူအကျင့် အလေ့အထတွေကို နားလည်ပါ။
ဒီအဆင့်မှာတော့ ပရိသတ်က လူမှုကွန်ရက်ပေါ်မှာ ကိုယ့်အဖွဲ့အစည်းရဲ့ Page ဒါမှမဟုတ် ပို့စ်တစ်ခုချင်းကို ဘယ်လိုတုံ့ပြန်စေချင်သလဲဆိုတာ ရေရေရာရာ သိထားဖို့ လိုပါတယ်။ • သူတို့ဆီက like & follow လိုချင်တာလား။ Page ကိုလား၊ ပို့စ်ကိုလား။ • ပြီးတော့ မှတ်ချက်ပေးတာ၊ သူတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ပြန်လည်မျှဝေတာတွေကို လိုချင်တာလား။ • ပွဲအခမ်းအနားတွေ ဖိတ်ကြားပြီးရင် အပြင်မှာ တကယ်လာတက်ဖို့ကိုရော မျှော်လင့်သလား။ • စေတနာ့ဝန်ထမ်း လုပ်အားပေးဖိတ်ခေါ်ချင်သလား။ • ရန်ပုံငွေ၊ အလှူငွေထည့်ဝင်စေချင်တာလား
ကိုယ်ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မှ လူမှုကွန်ရက်ကို ထိထိရောက်ရောက် သုံးနိုင်ရာ ရောက်မှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ဘက်က တစ်ဖက်သက် ဆက်သွယ်ရေးသာ ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ ဦးတည်အုပ်စုနဲ့ နွေးထွေးမှုရှိတဲ့၊ နီးကပ်မှုရှိတဲ့ ဆက်ဆံရေးကို ထူထောင်ဖို့အတွက်ဆိုရင် သူတို့ကို မေးခွန်းတွေ မေးတာ၊ မှတ်ချက်ပေးဖို့ ဖိတ်ခေါ်တာ၊ သူတို့ဖြစ်ရပ်တွေကို ဝေမျှပြောဆိုခိုင်းတာ စတဲ့နည်းတွေအားဖြင့် အွန်လိုင်းပေါ်မှာ နီးကပ်သလို ပြင်ပမှာပါ နီးကပ်နွေးထွေးတဲ့ ဆက်ဆံမှုတွေ၊ ရလာဒ်တွေ ပေါ်ပေါက်လာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ဆက်သွယ်တဲ့အခါမှာ အရောင်အသွေး ထင်ရှားတဲ့၊ စိတ်နှလုံးကို ထိရှစေတဲ့ ဓာတ်ပုံတွေ၊ သရုပ်ဖော်ပုံ၊ ကိန်းဂဏန်းပြ ဇယားပုံနဲ့ ဒီဇိုင်းတွေ၊ ရုပ်သံဖိုင်တွေ၊ Hashtag တွေ (ဥပမာ - Justice_for_Victoria) တွေကလည်း အရေးကြီးပါတယ်။ ဒါတွေကို လုပ်ရတာ ခက်တယ်လို့ ထင်တတ်ကြပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံနဲ့ ဂရပ်ဖစ်ပုံတွေကို အခမဲ့ရရှိနိုင်တဲ့ ဝက်ဘ်ဆိုက်တွေ ရှိပါတယ်။ အဲဒီထဲက ထင်ရှားတဲ့အချို့ကို အောက်မှာ ဆက်လက်ဖော်ပြလိုက်ရပါတယ်။
စတုတ္တအဆင့် - ဦးတည်အုပ်စုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါ။
အရပ်ဘက်အဖွဲ့အစည်းတိုင်းမှာ အလေးထားဆောင်ရွက်နေတဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ အရေးကိစ္စတွေ ရှိကြပါတယ်။ အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ဦးတည်အုပ်စုက သိချင်တာတွေ ရှိကြတဲ့အခါ မေးမြန်းလာတတ်ကြပါတယ်။ လုပ်အားပေးချင်တာမျိုး၊ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီချင်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အဲဒီအခါမှ သူတို့လိုအပ်တဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေကို ပြန်ကြားပေးခြင်းအားဖြင့် သူတို့ရဲ့ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။ ဒီနည်းအားဖြင့် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် စာမျက်နှာက ဦးတည်အုပ်စုတွေရဲ့ အားကိုးမှုကို ရရှိနိုင်လာမှာ ဖြစ်ပါတယ်။
ပဉ္စမအဆင့် - စစ်မှန်မှု ရှိပါစေ။
အထက်ပါ အဆင့်တွေအားလုံး တင်ပြပြီးတဲ့အခါ နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ စစ်မှန်မှု ရှိဖို့ပါပဲ။ လူမှုကွန်ရက် အသုံးပြုသူတွေဟာ အပြင်ကမ္ဘာကြီးပေါ်က လူသားတွေပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ လူမှုကွန်ရက် အကြောင်းအရာ တင်ဆက်မှုတွေဟာ အပေါ်ယံ ရွှေမှုန်ကြဲထားရုံနဲ့ မလုံလောက်ပါဘူး။
လူမှုကွန်ရက် အသုံးပြုသူတွေက ကိုယ့်အဖွဲ့အစည်းရဲ့ တင်ဆက်မှုနဲ့ အကြောင်းအရာတွေကို အစဉ်တစိုက် ကြည့်ရှုပြီးတဲ့နောက်မှာ ရှေ့နောက်ညီညွတ်မှု ရှိမရှိ၊ စစ်မှန်ရိုးသားမှု ရှိမရှိကို မြင်နိုင်ကြပါတယ်။ ဥပမာ - အဖွဲ့အစည်းတစ်ခုက အများပြည်သူနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတစ်ခုနဲ့ ပတ်သက်လို့ ရန်ပုံငွေ အထောက်အပံ့ရှိတဲ့အချိန်မှာ ရေးသားတင်ပြပေမယ့် နောင်တစ်ချိန် ရန်ပုံငွေမရှိတော့လို့ဆိုပြီး အဲဒီအကြောင်းအရာကို တစ်ခွန်းမှ မဟတော့ဘူးဆိုရင် လူမှုကွန်ရက် အသုံးပြုသူတွေက အဖွဲ့အစည်းနဲ့ အဲဒီအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် သံသယဝင်နိုင်ပါတယ်။ ဒါ့ကြောင့် လူမှုကွန်ရက်ကို အသုံးပြုရာမှာ ရှေ့ရေးနောက်ရေး မျှော်တွေးခြင့်ချိန်ပြီး စစ်မှန်မှုရှိရှိ ဆက်သွယ်နိုင်ဖို့ အလေးထားရပါမယ်။
တကယ်လို့သာ အဖွဲ့အစည်းတစ်ခုက ရိုးသားမှု၊ စစ်မှန်မှု၊ ရှေ့နောက်ညီညွတ်မှုရှိရင် ဦးတည်အုပ်စုသာမက အခြားသော လူမှုကွန်ရက် အသုံးပြုသူတွေကြား တွင်ကျယ်ပြန့်နှံ့လာပြီး အပြုသဘောဆောင်တဲ့ ပုံရိပ်နဲ့ ယုံကြည်မှုတွေကို အမြင့်မားဆုံးအထိ ရောက်ရှိလာစေမှာပဲ ဖြစ်ပါတယ်။
အပိုင်း ၄ ကို ဖတ်ရှုပြီးစီးတဲ့အခါ ဒီလို နားလည်ခဲ့ပါသလား
Last updated
Was this helpful?