နိဒါန်း
Last updated
Was this helpful?
Last updated
Was this helpful?
လူမှုကွန်ရက်ဟာ ပျော်ရွှင်စရာ ညစာစားပွဲတစ်ခုနဲ့ တူပါတယ်။ ရောက်လာတဲ့ ဧည့်သည်တွေကို ခရီးဦးကြိုပြု၊ နေရာထိုင်ခင်းပေး၊ အချင်းချင်းမိတ်ဆက်ပေး၊ ရောက်တတ်ရာရာ စကားဝိုင်းဖွဲ့ကြပြီး ရယ်သံမောသံတွေကြားမှာ အစားကောင်းတွေ စားရတဲ့ ညစာစားပွဲမျိုးပေါ့။ ရောက်လာတဲ့လူတွေကို ဒီနေရာမှာထိုင်၊ ဒါစား၊ ဒါသောက်၊ ပြီးရင်ပြန်တော့ဆိုတဲ့ တည်တည်တံ့တံ့နေရာကြီး မဟုတ်ပါဘူး။
မြန်မာနိုင်ငံက ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာလည်း လူမှုကွန်ရက်မီဒီယာကို အသုံးပြုပြီး
အများပြည်သူကို သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ ပေးဖို့၊
ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးသက်ဆိုင်သူတွေကို ကွန်ရက်ချိတ်ဆက်နိုင်ဖို့၊
အစိုးရအလွှာ အဆင့်ဆင့်နဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များကို ဆော်ဩတိုက်တွန်းဖို့ ဒါမှမဟုတ်
အများပြည်သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားပေးကြိုဆိုဖို့
ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ....
ကိုယ့်အဖွဲ့အစည်းအတွက် လူမှုကွန်ရက်ပေါ်မှာ account တစ်ခုဖွင့်ပြီး၊ Page တစ်ခုထောင်ပြီးတာနဲ့ ကိုယ်ရေးချင်တာတွေ၊ တင်ချင်တာတွေ ရေးလို့တင်လို့ရပြီလား။ like & follow လုပ်သူတွေကို ထိုင်စောင့်နေရုံပဲလို့ ထင်ပါသလား။ တကယ်တော့ ဒါထက်ပိုပြီး လုပ်သင့်တာတစ်ခု ရှိပါတယ်။ အဲဒါကတော့ လူမှုကွန်ရက်ပေါ်မှာ ကိုယ့်အဖွဲ့အစည်းကနေ ရေးသားတင်ဆက်တာတွေ အားလုံးဟာ မဟာဗျူဟာကျဖို့၊ မဟာဗျူဟာကြီးတစ်ရပ်ရဲ့ အစိတ်အပိုင်းလေးတွေ၊ ခြေလှမ်းငယ်လေးတွေ ဖြစ်အောင် စီစဉ်တကျ ဆောင်ရွက်ဖို့ပါပဲ။
ဒါ့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းမှာရော၊ နောင်လာမယ့် နှစ်များမှာပါ လူမှုကွန်ရက် အသုံးပြုပြီး ဦးတည်အုပ်စုအသီးသီးကို ဆက်သွယ်ရတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်စေဖို့၊ ဆက်သွယ်တင်ပြမှုတွေကို ထိရောက်စေဖို့ ဒီလက်စွဲငယ်က ကူညီမှာပါ။ လက်စွဲငယ်ရဲ့ အပိုင်း ၁ ကနေ ၆ အထိ လေ့လာကြည့်ရင် အရပ်ဘက်အဖွဲ့အစည်း တစ်ခုအတွက် လူမှုကွန်ရက် မဟာဗျူဟာတစ်ခု ဘယ်လိုရေးဆွဲရမယ်ဆိုတာ မြင်ယောင်လာစေပါလိမ့်မယ်။
မြန်မာနိုင်ငံပါဝင်တဲ့ အာရှပစိဖိတ်ဒေသအတွင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါရိုက်ခတ်မှု မကြီးမားသေးခင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ မတ်လအတွင်းက နေ့စဉ်ပျမ်းမျှ လူမှုကွန်ရက်အသုံးပြုချိန်ဟာ ၂:၀၈ နာရီ ရှိတယ်လို့ Global Web Index ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် မှာ ဖော်ပြထားပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ ပုံရိပ်၊ သတင်းစကားနဲ့ လုပ်ဆောင်ချက်တွေကို လူမှုကွန်ရက်မှာ ထိထိရောက်ရောက် တင်ပြနိုင်ဖို့ လိုအပ်တာ အသေအချာပါပဲ။
လူမှုကွန်ရက်က အပြိုင်အဆိုင် အင်မတန်များတဲ့နေရာတစ်ခု ဖြစ်တဲ့အလျောက် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ရေတိုအစီအမံတစ်ခုအနေနဲ့သာမဟုတ်ဘဲ မဟာဗျူဟာကျကျ ကိုင်တွယ်နိုင်ကြဖို့ အရေးကြီးပါတယ်။
ကိုယ့်အရပ်ဘက်အဖွဲ့အစည်းမှာ လူမှုကွန်ရက် မီဒီယာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူ ရှိရှိ မရှိရှိ ကောင်းမွန်တဲ့ လူမှုကွန်ရက် ဆက်သွယ်ရေးမဟာဗျူဟာတစ်ခု ချမှတ်ပုံဖော်နိုင်ဖို့ ဒီလက်စွဲငယ်က ကူညီသွားမှာပါ။ ဒါ့အပြင် လူမှုကွန်ရက်မီဒီယာကို အသုံးပြုရာမှာ လွယ်ကူတဲ့ နည်းပညာကိရိယာလေးတွေနဲ့လည်း အလျဉ်းသင့်သလို မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုလို မိတ်ဆက်ရာမှာလည်း အဓိကအားဖြင့် လူမှုကွန်ရက်တွေနဲ့ပတ်သက်လို့ ယေဘုယျဖော်ပြသွားမှာသာ ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။