အပိုင်း - ၅ မပြတ်တမ်း ထိတွေ့တုံ့ပြန်ခြင်း
အပိုင်း ၅ ကို ဖတ်ရှုတဲ့အခါ ဒီမေးခွန်းတွေကို အဖြေရှာနိုင်မှာပါ
လူမှုကွန်ရက် သုံးစွဲသူပေါင်းများစွာကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း များစွာရှိပါတယ်။ ဒါပေမယ့် အားလုံးက အောင်မြင်ကြတာတော့ မဟုတ်ပါဘူး။ အောင်မြင်တဲ့ အဖွဲ့အစည်းတွေရဲ့ အလေ့အထတစ်ခုကတော့ ပရိသတ်ရဲ့ ထိတွေ့တုံ့ပြန်မှုကို အလေးထားတာ၊ မပြတ်တမ်း ထိတွေ့တုံ့ပြန်မှုတွေ ရရှိနေအောင် လုပ်ဆောင်နိုင်ကြတာပဲ ဖြစ်ပါတယ်။
ထိတွေ့တုံ့ပြန်မှု ကောင်းကောင်းမရဘဲနဲ့ လူမှုကွန်ရက်ပေါ်မှာ အကြောင်းအရာ တင်ဆက်မှုတွေကို အပ်ကြောင်းထပ်အောင် တင်နေလို့ အဓိပ္ပါယ်မရှိပါဘူး။ လူမှုကွန်ရက်ပေါ်မှာ အကြောင်းအရာ၊ သတင်းစကားနဲ့ တင်ဆက်မှုတွေ လုပ်နိုင်ဖို့အတွက် အချိန်၊ ငွေကြေး၊ လုပ်အားနဲ့ ရင်းမြစ်တွေကို ရင်းနှီးထားရတာပါ။ အဲဒီ ရင်းနှီးမြှုပ်နှံထားရတာတွေရဲ့ အသီးအပွင့်ဟာ ထိတွေ့တုံ့ပြန်မှုပါပဲ။ ထိတွေ့တုံ့ပြန်မှုမရတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ သဲထဲရေသွန်လုပ်ရာ ကျပါတယ်။
စီးပွားရေးလောကမှာ မြှုပ်နှံမှုပြန်ပေါ်နှုန်း (Return on Investment - ROI) ဆိုတာ ရှိပါတယ်။ လူမှုကွန်ရက်ကို အသုံးပြုဆက်သွယ်ကြရာမှာလည်း ROI ဆိုတဲ့ အသုံးအနှုန်းကို သုံးကြပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ အမှတ်တံဆိပ်နဲ့ ကုန်ပစ္စည်းတွေကို လူမှုကွန်ရက်သုံးပြီး အရောင်းမြှင့်တင်တဲ့အခါ ငွေကြေးကုန်ကျခံပြီး သူတို့ရဲ့ ဖောက်သည်တွေနဲ့ ထိတွေ့ကြတာပါ။ သူတို့က လူမှုကွန်ရက်အတွက် ကျခံသုံးစွဲတဲ့ငွေနဲ့ ကုန်ပစ္စည်းရောင်းရလို့ ရတဲ့ငွေနဲ့ ချိန်ထိုးတွက်ချက်တာပါ။
အရပ်ဘက်အဖွဲ့အစည်းတွေအတွက်ကတော့ ငွေကြေးအကျိုးအမြတ်ကို မျှော်ကိုးကြတာ မဟုတ်ပေမယ့် အများပြည်သူတွေ၊ အလှူရှင်တွေရဲ့ ပံ့ပိုးငွေ၊ အထောက်အပံ့တွေကို တာဝန်ခံမှုရှိရှိ သုံးစွဲဖို့ဆိုရင် လူမှုကွန်ရက်အသုံးပြု ဆက်သွယ်မှုတွေကို သဲထဲရေသွန် မဖြစ်စေသင့်ပါဘူး။ အဖွဲ့အစည်းအသီးသီးက ကိုယ့်ရဲ့ ဦးတည်အုပ်စုတွေနဲ့ ထိတွေ့ဆက်ဆံမှုဟာ လူမှုကွန်ရက်ကို အသုံးပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လူမှုကွန်ရက်ပေါ်မှာ ထိတွေ့တုံ့ပြန်မှု ရရှိဖို့ဟာ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် ပိုလို့တောင် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။
ကိုယ်နဲ့ မျက်နှာစိမ်းတွေချည်းပဲ တက်ရောက်တဲ့ ဧည့်ခံပွဲတစ်ခုကို ရောက်သွားတယ် ဆိုပါစို့။ စားပွဲဝိုင်းမှာ ဘေးနားက လူနှစ်ယောက်ရှိတယ်။
ဘယ်ဘက်က တစ်ယောက်က ကိုယ့်ကို ဘယ်သူလဲ၊ ဘာတွေလုပ်သလဲ ဆိုတဲ့မေးခွန်းတွေက စပြီး ကိုယ့်ကျွမ်းကျင်မှုနဲ့ ပတ်သက်တာတွေ၊ အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေ၊ ဝါသနာတူတာတွေ အကြောင်း စိတ်ဝင်တစား မေးတယ်။ သေချာလည်း နားထောင်တယ်။
ညာဘက်က တစ်ယောက်ကတော့ သူ့အကြောင်းတွေကို မပြီးနိုင်မစီးနိုင် ပြောတယ်။ သူပြောတာက ပျော်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းတော့ ဘာတစ်ခွန်းမှ မမေးဘူး။
အဲဒီနှစ်ယောက်ထဲက တစ်ယောက်နဲ့ပဲ ကျွမ်းဝင်ခင်မင်ခွင့်ရမယ်ဆိုရင် ဘယ်သူနဲ့ စကားပြောဖြစ်မယ်ထင်လဲ။ မှန်ပါတယ်။ များသောအားဖြင့်တော့ ကိုယ့်နဲ့ပတ်သက်လို့ စိတ်ဝင်တစားရှိတဲ့သူ၊ ဂရုတစိုက် နားထောင်ချင်သူနဲ့ပဲ စကားလက်ဆုံကျချင်ကြတာပါပဲ။ လူမှုကွန်ရက်ဟာလည်း ဒီသဘောအတိုင်းပါပဲ။
ကိုယ့်အဖွဲ့အစည်းက ထုတ်ပြန်တာ၊ တင်ပြချင်တာတွေချည်းပဲ တစ်ဖက်သတ် ပေးနေရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်မှာ ကိုယ့်အဖွဲ့အစည်းရဲ့ ဦးတည်အုပ်စုက ကိုယ့်တင်ဆက်မှု၊ အကြောင်းအရာ၊ သတင်းစကား၊ တိုက်တွန်းနှိုးဆော်မှုတွေကို စိတ်ဝင်စားမှု ရှိမရှိဆိုတာ သူတို့ရဲ့ ထိတုံ့ပြန်မှု ဘယ်လိုရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
ဒါ့ကြောင့် သူတို့ရဲ့ စိတ်ဝင်စားမှု ရအောင်၊ ကြားချင် သိချင် နားထောင်ချင်အောင် နှိုးဆွပေးရမှာ ဖြစ်သလို၊ သူတို့က တုံပြန်ပြောဆိုလာတဲ့အခါမှာလည်း အရေးမစိုက်ဘဲ ပစ်မထားလိုက်ဘဲ ကိုယ့်ဘက်က သင့်တော်တဲ့ တုံ့ပြန်အသိအမှတ်ပြုမှု ပြသဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ တင်ပြပြောဆိုမှုတွေကို သူတို့က သူတို့ရဲ့ လူမှုကွန်ရက် မိတ်ဆွေတွေကြားမှာ ပြန်လည်မျှဝေပေးတာပါပဲ။
Sprout Social ဆိုတဲ့ နည်းပညာကုမ္ပဏီတစ်ခုရဲ့ အစီရင်ခံစာထဲမှာတော့ လူမှုကွန်ရက်ပေါ်မှာ ဘယ်လို တင်ဆက်မှုတွေက Share ဘယ်လောက်ရပြီး၊ Like & Comment ဘယ်လိုရတယ်ဆိုတာ ဖော်ပြပါဇယားအတိုင်း ဖော်ပြထားပါတယ်။
ဒီလိုအချက်အလက်တွေကို ထည့်သွင်းစဉ်းစားကြည့်ခြင်းအားဖြင့်လည်း ကိုယ့်အဖွဲ့အစည်းရဲ့ တစ်နှစ်တာအတွက် လူမှုကွန်ရက်မီဒီယာ အကြောင်းအရာ တင်ဆက်မှုထဲမှာ ဘယ်လို အကြောင်းအရာတွေကို ဘယ်အချိုးအစားနဲ့ တင်ဆက်မယ်ဆိုတာ ကြိုတင်ပြီး စဉ်းစားသတ်မှတ်ထားနိုင်ပါတယ်။ ဥပမာ ဖော်ပြထားတဲ့ ဇယားလေးကို ကြည့်ပါ။
ထိတွေ့တုံ့ပြန်မှု အကြံပြုချက် ၁ - ချက်ကောင်းရှာပါ
ကိုယ့်အဖွဲ့အစည်းရဲ့ ဦးတည်အုပ်စုကို မပြတ်တမ်း ထိတွေ့တုံ့ပြန်မှုရှိဖို့ဆိုရင် ပထမဆုံး လုပ်ရမယ့်ကိစ္စက သူတို့က ဘယ်လိုအကြောင်းအရာ၊ ဘယ်လိုတင်ဆက်မှုတွေကို ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာ သိအောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။
ဒီလိုသိနိုင်ဖို့အတွက် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဦးတည်ပရိသတ်ရဲ့ မတူညီတဲ့ တုံ့ပြန်ပုံတွေကို အကဲစမ်းပြီး စောင့်ကြည့်မှတ်သားနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်လို အလားတူဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကရော ဘယ်လို နည်းလမ်းတွေနဲ့ ထိတွေ့တုံ့ပြန်မှုတွေ လုပ်တာ အောင်မြင်သလဲဆိုတာ စူးစမ်းကြည့်နိုင်ပါတယ်။
လူအများကြား ရေပန်းစားနေတဲ့ အကြောင်းအရာတွေ၊ ကိစ္စရပ်တွေနဲ့ ချိတ်ဆက်ပြနိုင်ရင် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က တင်ဆက်မှုတွေဟာ ဦးတည်အုပ်စုထဲမှာ စိတ်ဝင်စားမှု ခံရနိုင်ပါတယ်။ အဲသလို စိတ်ဝင်စားမှု ရဖို့ဆိုရင် ဦးတည်အုပ်စုထဲမှာ အသုံးများနေတဲ့ စကားလုံးတွေ၊ hashtag တွေကို အကဲခတ်နေဖို့ လိုပါတယ်။
လူမှုကွန်ရက် အသုံးပြုသူတွေက ဘယ်လိုအကြောင်းအရာတွေကို ရှာတတ်ဖွေတတ် စပ်စုတတ်သလဲဆိုတာကိုလည်း ရှာထားနိုင်ဖို့လိုပါတယ်။ ဦးတည်အုပ်စုဝင်တွေ တက်တက်ကြွကြွ ထိတွေ့ပါဝင်လာကြစေဖို့
လူအများ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပြီး သတိထားစရာဖြစ်အောင် ခေါင်းစဉ်တွေ တပ်ပေးနိုင်ပါတယ်။
အကြောင်းအရာ တင်ဆက်မှုတွေကို လူစိတ်ဝင်စားတဲ့ မီဒီယာပုံစံ (ဥပမာ - ဓာတ်ပုံ၊ ရုပ်သံဖိုင်) အမျိုးမျိုးနဲ့ ဖန်တီးတင်ဆက်နိုင်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ အသုံးများတဲ့ မီဒီယာပုံစံတချို့ကို စာရင်းပြုစု ဖော်ပြပေးလိုက်ပါတယ်။
စာအရေးအသားပုံစံ
မာလ်တီမီဒီယာပုံစံ
အခြားပုံစံများ
ဘလော့ဂ်
ဓာတ်ပုံ/ရုပ်ပုံ
e-mail newsletter
စစ်တမ်းငယ်
ပဟေဠိ
e-book
ဆောင်းပါး
အသံဖိုင်
အွန်လိုင်းဆွေးနွေးပွဲ
ဖြစ်ရပ်လေ့လာမှု
ရုပ်သံဖိုင်
ဆောင်ရန်/ရှောင်ရန်
infographic
သုတေသနတွေ့ရှိချက်
ထိတွေ့တုံ့ပြန်မှု အကြံပြုချက် ၂ - ထဲထဲဝင်ဝင် တုံ့ပြန်ပြောဆိုလာအောင် ကမ်းလှမ်းဖိတ်ခေါ်ပါ
လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ “မေးထူးခေါ်ပြော”ဆိုတဲ့ ဆက်ဆံရေးက သိပ်ပြီး အေးတိအေးစက် နိုင်လှပါတယ်။ နွေးထွေးတဲ့ဆက်ဆံရေးတွေဟာ ရင်းရင်းနှီးနှီး မေးခွန်းထုတ်တာ၊ ပွင့်ပွင့်လင်းလင်း ဖြေဆိုတာ၊ တခြားသူတွေကရော ဘယ်လိုထင်မြင်ကြသလဲလို့ တုံ့ပြန်မှုတွေကို ဖိတ်ခေါ်တာ၊ အပြန်အလှန် ခွန်းတုံ့စကားဖလှယ်တာတွေ ပါဝင်စမြဲပါ။
ဒီလိုပါပဲ။ လူမှုကွန်ရက်ပေါ်မှာလည်း ကိုယ့်အဖွဲ့အစည်းနဲ့ ဦးတည်အုပ်စုကြား နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ဖို့ဆိုရင် စကားလမ်းကြောင်း ဖွင့်ပေးထားဖို့ မမေ့သင့်ပါဘူး။ စကားလမ်းကြောင်း ဖွင့်ပေးခြင်းအားဖြင့် ထဲထဲဝင်ဝင် တုံ့ပြန်ပြောဆိုလာအောင် ကမ်းလှမ်းဖိတ်ခေါ်နိုင်ပါတယ်။ ဒီလို ကမ်းလှမ်းဖိတ်ခေါ်ဖို့အတွက် စစ်တမ်းကောက်ယူတာ၊ သူတို့ရဲ့ ထင်မြင်ချက်နဲ့ အကြံဉာဏ်တွေကို တောင်းတာ၊ ပြိုင်ပွဲလေးတွေ ဉာဏ်စမ်းပဟေဠိလေးတွေ တင်ဆက်တာ စသဖြင့် နည်းလမ်းပေါင်းများစွာကို သုံးနိုင်ပါတယ်။
လူမှုကွန်ရက်ကို လူတွေသုံးနေကြရတဲ့ အဓိက အနှစ်သာရတစ်ခုကတော့ လူမှုရေးအရ ပေါ့ပေါ့ပါးပါး ပေါင်းသင်းဆက်ဆံမှုတွေ လုပ်ကြဖို့ပါပဲ။ ဒါ့ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ လူမှုကွန်ရက်ကို သုံးစွဲရာမှာ ဟန်ပန်တစ်ခွဲသားနဲ့ သိပ်ပြီး ခန့်ငြား လေးနက် တည်တံ့ပြနေဖို့ မလိုပါဘူး။ လူမှုကွန်ရက် သုံးနေကြတဲ့ ကိုယ့်ဦးတည်အုပ်စုဝင်တွေနဲ့ အကျွမ်းတဝင် ဖြစ်စေမယ့် ပေါ့ပါးရင်းနှီးတဲ့ လေသံဟန်ပန်ကို သုံးတာက ပိုပြီး အကျိုးရှိပါတယ်။ ရံဖန်ရံခါ ရယ်စရာမောစရာလေးတွေကိုလည်း ဝေမျှနိုင်ပါတယ်။
ဒါ့အပြင် ဦးတည်အုပ်စု စိတ်ဝင်စားနိုင်မယ့် လူမှုကွန်ရက်ပေါ်က အကြောင်းအရာ တင်ဆက်မှုတွေကို မျှဝေတာကလည်း ပုံမှန်အားဖြင့် ရဖို့မလွယ်တဲ့ ပါဝင်ထိတွေ့တုံ့ပြန်မှုတွေကို ရဖို့ လမ်းပွင့်သွားနိုင်စေပါတယ်။ အရေးကြီးတာကတော့ ရုပ်ပုံတွေ၊ အင်ဖိုဂရပ်ဖစ်တွေနဲ့ လင့်ခ်တွေကို သုံးခြင်းအားဖြင့် ဦးတည်အုပ်စုက ပြန်လည်ဝေမျှချင်လာအောင် လုပ်ဖို့ပါပဲ။ ဒီလို ထိတွေ့ပါဝင်လာဖို့ ကမ်းလှမ်းဖိတ်ခေါ်ပြီးမှ မျက်နှာလွှဲ၊ လျစ်လျူရှုထားရင်တော့ ရိုင်းရာကျပါလိမ့်မယ်။ ဒါကြောင့် တုံ့ပြန်မှုတွေကို အချိန်ယူပြီး မှတ်ချက်ပေးတာ၊ ပြန်လည်တုံ့ပြန်တာတွေကို မဖြစ်မနေ လုပ်သင့်ပါတယ်။
မှတ်ချက်တွေထဲမှာ ကိုယ့်ဘက်က မျှော်လင့်မထားတဲ့ တုံ့ပြန်မှုတွေကိုလည်း တွေ့ရနိုင်တဲ့အတွက် ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် မူဝါဒနဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေကို ကြိုတင်သတ်မှတ်ထားဖို့ လိုပါတယ်။ (နမူနာပုံစံတစ်ခုကို နောက်ဆက်တွဲ (ဂ) မှာ ဖော်ပြပေးထားပါတယ်။)
တချို့လူမှုကွန်ရက် စီမံခန့်ခွဲသူတွေက ထိတွေ့ပါဝင်ဖို့ ကမ်းလှမ်းတဲ့အဆင့်ကို လုပ်ကြပေမယ့် ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ပြန်လည်တုံ့ပြန်ဖို့ ပျက်ကွက်တတ်ကြပါတယ်။ အဲသလိုဆိုရင် ကိုယ့်အဖွဲ့အစည်းရဲ့ ဦးတည်အုပ်စုကို မလေးမစား စော်ကားရာရောက်သွားနိုင်တာကြောင့် သတိထားသင့်ပါတယ်။
ထိတွေ့တုံ့ပြန်မှု အကြံပြုချက် ၃ - ရလဒ်အလိုက် ဆက်လက်ဆောင်ရွက်ပါ
ကိုယ့်အားထုတ်မှုတွေထဲမှာ ဘာတွေက အလုပ်ဖြစ်တယ် မဖြစ်တယ်ဆိုတာ မကြည့်ဘဲနဲ့ မဟာဗျူဟာကို အမျိုးမျိုးစမ်းကြည့်နေလို့ ဘာမျှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဦးတည်အုပ်စုရဲ့ စိတ်ပါဝင်စားမှုနဲ့ ထိတွေ့တုံ့ပြန်မှု များများရှိလေ ကိုယ့်အဖွဲ့အစည်းရဲ့ သတင်းစကားတွေ၊ တိုက်တွန်းနှိုးဆော်မှုတွေကို ထည့်သွင်းစဉ်းစားဖို့၊ လက်ခံကျင့်သုံးဖို့ များလေပါပဲ။ ဒါ့ကြောင့် ကိုယ့်အဖွဲ့အစည်းရဲ့ တင်ဆက်မှု၊ အကြောင်းအရာတွေမှာ ဦးတည်အုပ်စုရဲ့ ထိတွေ့တုံ့ပြန်မှု ဘယ်လိုရရှိသလဲဆိုတာ နားလည်နိုင်အောင် တစိုက်မတ်မတ် ကြိုးစားရမှာပါပဲ။
ဥပမာ - ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုက “တစ်ခါသုံး ပလပ်စတစ် ဘူးခွံတွေကို သင့်အိမ်မှာ ထူးခြားတဲ့ နည်းလမ်းတွေနဲ့ ဘယ်လို ပြန်အသုံးပြုနေပါသလဲ” လို့ လူမှုကွန်ရက်ပေါ်မှာ မေးခွန်းတစ်ခု တင်လိုက်တယ် ဆိုပါတော့။
အဲဒီမေးခွန်းကြီးက ကြားနေကျ ဆီသည်မလက်သုတ် ဖြစ်နေနိုင်ပေမယ့် နှစ်သက်ကြောင်းပြသတဲ့သူ ၂၅၆ ဦးနဲ့ မှတ်ချက် ၄၆ ခု ရှိတယ်။ ပြန်လည်ဝေမျှမှုကတော့ ၃၄ ခု ရှိတယ်။
ဒါဆိုရင် ရာနဲ့ချီတဲ့ လူတွေရဲ့ ထိတွေ့တုံ့ပြန်မှုတွေ ရှိတယ်ဆိုပြီး အောင်မြင်တဲ့ နည်းလမ်းတစ်ခုလို့ ဆိုနိုင်တယ်။
အကြောင်းအရာ၊ တင်ဆက်မှုပုံစံ၊ အချိန်၊ အသုံးပြုတဲ့ မီဒီယာအမျိုးအစား စတာတွေကိုလိုက်လို့ ဦးတည်အုပ်စုရဲ့ ပါဝင်ထိတွေ့တုံ့ပြန်မှုတွေက အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ထိတွေ့တုံ့ပြန်မှု အနိမ့်အမြင့်ကို ကြည့်ပြီး ဘာကြောင့် နည်းရသလဲ၊ များရသလဲဆိုတာကို အဖြေရှာရမှာ ဖြစ်သလို၊ တစ်ချိန်တည်းမှာပဲ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို ပေါင်းစည်းစမ်းသုံး အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။
ကိုယ့်အဖွဲ့အစည်းရဲ့ Facebook Page ကို like and follow လုပ်ထားတဲ့ ဦးတည်အုပ်စုဝင်တွေဟာ ဘယ်အချိန်မှာ အတက်ကြွဆုံးဖြစ်သလဲ ဆိုတာကို Facebook Insight ထဲမှာ စစ်ဆေးကြည့်ပြီး ထိတွေ့တုံ့ပြန်မှုအကောင်းဆုံးအချိန်တွေကို ရွေးချယ်ပြီး အကြောင်းအရာတင်ဆက်မှုတွေကို အချိန်ကိုက် ပြုလုပ်နိုင်ပါတယ်။ ဥပမာ ကိုယ့်ဦးတည်အုပ်စုဝင်တွေဟာ နံနက်ခင်း ၉ နာရီကနေ ညနေ ၅ နာရီအတွင်း အလုပ်လုပ်ရသူ အများစုဖြစ်နေတယ် ဆိုပါတော့။ ဒါဆို ရုံးဖွင့်ရက်တွေမှာ အဲဒီအချိန်ပိုင်းအတွင်း ထိတွေ့တုံ့ပြန်မှုကောင်းကောင်းရဖို့ ခက်နိုင်ပါတယ်။
အပိုင်း ၅ ကို ဖတ်ရှုပြီးစီးတဲ့အခါ ဒီလို နားလည်ခဲ့ပါသလား
Last updated
Was this helpful?