အပိုင်း - ၆ စောင့်ကြည့်တိုင်းတာခြင်း
အပိုင်း ၆ ကို ဖတ်ရှုတဲ့အခါ ဒီမေးခွန်းတွေကို အဖြေရှာနိုင်မှာပါ
လူမှုကွန်ရက်ကို ထိရောက်တဲ့ဆက်ဆံရေးလမ်းကြောင်းတစ်ခု၊ ကိုယ့်အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကို ပြန့်နှံ့စေမယ့် နည်းလမ်းတစ်ခုအဖြစ် သုံးနိုင်တယ်ဆိုတာ ဖော်ပြခဲ့တဲ့ အပိုင်းတွေမှာ အကြံပြုထားတာတွေကို ဆောင်ရွက်ကြည့်ရင် သိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တိတိကျကျ ရေရေရာရာ သိနိုင်ဖို့ဆိုရင်တော့ လူမှုကွန်ရက်မှာ အားထုတ်ကြိုးပမ်းမှု တစ်ခုချင်းစီက ဘယ်လောက် အောင်မြင်ခဲ့လဲ၊ ဘယ်အပိုင်းတွေမှာ မအောင်မြင်ခဲ့ဘူးလဲ ဆိုတဲ့မေးခွန်းတွေကို အချက်အလက်နဲ့ ဖြေနိုင်ဖို့ စောင့်ကြည့်အကဲဖြတ်နေဖို့ လိုပါတယ်။
Follower တွေ တိုးလာသလား၊ ဘယ်အချိန်မှာ ပြန်ကျဆင်းသွားသလဲ၊ ပြန်လည်ဝေမျှတာတွေ၊ နှစ်သက်ကြောင်းပြတာတွေ များလာသလား စတဲ့အချက်တွေကို နည်းနည်းလောက် ဂရုစိုက်ကြည့်လိုက်ရင် သိနိုင်ကြပေမယ့် အများစုကတော့ လျစ်လျူရှုထားမိတတ်ကြပါတယ်။
အဲသလို လျစ်လျူရှုထားရင်တော့ ကိုယ့်အားထုတ်မှုတွေမှာ ဘယ်အပိုင်းက အားသာလို့၊ ဘယ်အပိုင်းက ဟာကွက်ညံ့ကွက်ရှိတယ်ဆိုတာ မသိတော့ဘဲ ပင်ပန်းပြီးရင်း ပင်ပန်း၊ ကျဆုံးပြီးရင်း ကျဆုံးနေရမှာပါပဲ။ ဒါဆိုရင် ဘယ်အပိုင်းတွေကို စောင့်ကြည့် အကဲဖြတ်သင့်သလဲ။ အပိုင်း ၆ ဟာ ဒီမေးခွန်းကို ဖြေဆိုနိုင်ဖို့ ရည်ရွယ်ပါတယ်။
အဓိကအားဖြင့်တော့ ကိုယ့်အဖွဲ့အစည်းအတွက် အပိုင်း ၁ မှာ ရွေးချယ်သတ်မှတ်ခဲ့တဲ့ ဆက်သွယ်ရေးစွမ်းဆောင်မှု ပန်းတိုင်နဲ့ ရည်ညွှန်းမှတ် (KPI) တွေနဲ့အညီ ရည်ရွယ်ထားသလို ဖြစ်လာရဲ့လားဆိုတာ စောင့်ကြည့်ရမှာပါ။ အပိုင်း ၁ မှာ ဖော်ပြခဲ့တဲ့ ပြန့်နှံ့ရောက်ရှိမှု (Reach)၊ ထိတွေ့တုံ့ပြန်မှု (Engagement)၊ လိုက်ပါဆောင်ရွက်မှု (Conversion and Lead) ဆိုတဲ့ ကဏ္ဍတစ်ခုချင်းစီအလိုက် ကောက်ယူတွက်ချက်နိုင်တဲ့ အချက်အလက်တွေကို အနည်းအကျဉ်း ရှင်းပြပါဦးမယ်။
ပြန့်နှံ့ရောက်ရှိမှု (Reach)
ပြန့်နှံ့ရောက်ရှိမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ လူမှုကွန်ရက်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ကိုယ်က ဘယ်လောက်ကောင်းတဲ့ အကြောင်းအရာ တင်ဆက်မှုတွေ လုပ်နေနေ ဖတ်မိတဲ့သူ၊ စောင့်ကြည့်မယ့်သူ မရှိရင် ဘာထူးမှာလဲ။ ဒါ့အပြင် အကြောင်းအရာ တင်ဆက်မှုတွေ ကောင်းမကောင်းဆိုတာကိုလည်း ပြန့်နှံ့ရောက်ရှိမှုက သက်သေခံနိုင်ပါတယ်။
၁။ Follow ဘယ်လောက်ရလဲ
ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် စာမျက်နှာကို like & follow လုပ်ထားတယ်ဆိုကတည်းက ကိုယ်ပြောတဲ့ အကြောင်းအရာ သတင်းစကားတွေကို ကြားချင်တဲ့သူတွေ ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ့်တင်ဆက်မှု အကြောင်းအရာကို မြင်တဲ့သူတိုင်းကတော့ ကိုယ့်လူမှုကွန်ရက် စာမျက်နှာကို like & follow လုပ်ထားသူ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ကိုယ့်လူမှုကွန်ရက် စာမျက်နှာကို like & follow လုပ်ထားသူ အရေအတွက်များလေ ကိုယ်ပြောတဲ့ အကြောင်းအရာ သတင်းစကားတွေကို ကြားရ မြင်ရတဲ့သူ ပိုများလာနိုင်တာကြောင့် အရေးကြီးတဲ့ အချက်အလက်တစ်ခု ဖြစ်ပါတယ်။
၂။ ဘယ်နှစ်ကြိမ် မြင်မိသွားလဲ (impression ဘယ်လောက်ရသလဲ)
လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က ကိုယ့်အကြောင်းအရာ တင်ဆက်မှု တစ်ခုတည်းကို တစ်ကြိမ်မက မြင်မိတွေ့မိနိုင်ပါတယ်။ တကယ်လို့သာ အဲသလို မြင်တွေ့သူတစ်ယောက်ဟာ like & follow လုပ်ထားရသေးတဲ့သူ မဟုတ်သေးရင် တစ်ချိန်မှာ လုပ်လာနိုင်ခြေ ပိုမြင့်လာနိုင်ပါတယ်။
၃။ ကိုယ်ပိုင်ပရိသတ် တောင့်တင်းတဲ့သူ ဘယ်နှစ်ယောက်က ကိုယ့်လူမှုကွန်ရက်ရဲ့ ပရိသတ်ဖြစ်နေသလဲ။
လူမှုကွန်ရက်သုံးသူတွေထဲမှာ တချို့က သူတို့ကိုယ်တိုင် ပရိသတ်အင်အား တောင့်တင်းတဲ့သူ (influencer) ဖြစ်နေနိုင်ပါတယ်။ အဲသလိုသူတွေကိုယ်တိုင်က ကိုယ့်ပရိသတ်ဖြစ်လာရင်၊ ကိုယ့်ဦးတည်အုပ်စုထဲ ပါဝင်လာရင်၊ သူတို့က ကိုယ့်အကြောင်းအရာ တင်ဆက်မှုတွေကို ပြန်လက်ဆင့်ကမ်း မျှဝေပေးရင် ပိုပြီး ထိရောက်အောင်မြင်လာနိုင်ပါတယ်။
ဒါမှမဟုတ် ကိုယ့်လူမှုကွန်ရက် စာမျက်နှာကို like & follow လုပ်ထားသူတွေထဲမှာ ပရိသတ်အင်အား အနည်းအကျဉ်းစီ ရှိထားကြသူတွေ အများအပြား ပါနေရင်လည်း ပြန့်နှံ့မှုကို ပိုအားကောင်းစေနိုင်ပါတယ်။
၄။ ကိုယ်က ပရိသတ်ဝေစု ဘယ်လောက်ရသလဲ။
ကိုယ်သာမက တခြားလုပ်ငန်း၊ အဖွဲ့အစည်းတွေကလည်း လူမှုကွန်ရက်ကို အသုံးပြုနေကြပါတယ်။ အဲသလို အသုံးပြုကြရာမှာ အကြောင်းအရာတူ၊ ကဏ္ဍတူ၊ ရည်ရွယ်ချက်တူ ဖြစ်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေလည်း တစ်ခု ဒါမှမဟုတ် တစ်ခုထက်မက ရှိတတ်ကြပါတယ်။ သူတို့နဲ့ ကိုယ်နဲ့ like & follow ဘယ်လောက်အချိုးအစားတွေ ရကြသလဲဆိုတာ တိုင်းတာတွက်ဆနိုင်ပါတယ်။
ဥပမာ - ဧရာဝတီလင်းပိုင် ကယ်ဆယ်ရေးအတွက် ဆော်ဩတိုက်တွန်းနေတဲ့ အဖွဲ့အစည်း ၆ ခုရှိတယ် ဆိုပါစို့။ အဲဒီအဖွဲ့အစည်းအားလုံးက Facebook Page တွေ ဖွင့်ထားကြပြီး Page အားလုံးရဲ့ like & follow အရေအတွက် စုစုပေါင်းက ၃၄၂,၉၃၆ ရှိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ အဖွဲ့အစည်းတစ်ခုရဲ့ Page မှာ like & follow လုပ်ထားတဲ့သူ ၈၅,၃၉၁ ရထားတယ်ဆိုရင် အဲဒီအဖွဲ့အစည်းရဲ့ ပရိသတ်ဝေစုက ၂၅ ရာခိုင်နှုန်းရှိတယ်ဆိုတဲ့ သဘောပါ။
ထိတွေ့တုံ့ပြန်မှု (Engagement)
လူမှုကွန်ရက်အသုံးပြု ဆက်သွယ်မှုတစ်ခုက ထိရောက်မှုရှိစေဖို့ဆိုရင် ပြန့်နှံ့ရောက်ရှိမှုနဲ့ တိုင်းတာလို့ မဖြစ်နိုင်ပါဘူး။ လူများပြီး ပွဲမစည်ဘူးဆိုတဲ့ စကားလိုပဲ လူတွေများနေပေမယ့် အပြန်အလှန် ထိတွေ့တုံ့ပြန်မှုကနေ ပေါ်ပေါက်လာတဲ့ ဦးတည်အုပ်စုနဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ လူမှုကွန်ရက် ဆက်သွယ်ရေးမှာ အလွန်အရေးကြီးပါတယ်။
လူတွေအများကြီးက like & follow လုပ်ထားကြပေမယ့် သူတို့နဲ့ကိုယ်နဲ့ကြားမှာ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်း၊ အဖွဲ့အစည်းက ပေးလိုတဲ့ သတင်းစကားပေါ် အခြေခံတဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံမှုရှိဖို့ လိုပါတယ်။ ကိုယ်တင်ဆက်တဲ့ အကြောင်းအရာကို နှစ်သက်ကြောင်း ပြတာ၊ မှတ်ချက်ပေးတာ၊ ပြန်လည်ဝေမျှတာ၊ ပေးထားတဲ့ link တွေကို click လုပ်တာ စတဲ့နည်းတွေနဲ့ ဦးတည်အုပ်စုက ထိတွေ့တုံ့ပြန်မှုတွေ လုပ်ကြပါတယ်။ အဲဒီ ထိတွေ့တုံ့ပြန်မှုကို ရေတိုအတွက်ရော ရေရှည်အတွက်ပါ ကိုယ့်ရဲ့ KPI အဖြစ် ထည့်သွင်းကောက်ယူနိုင်ပါတယ်။
Click ဘယ်လောက် လုပ်ကြသလဲ။
ကိုယ်တင်ဆက်တဲ့ အကြောင်းအရာတစ်ခု၊ ပို့စ်တစ်ခုကို လူမှုကွန်ရက်သုံးသူတွေရဲ့ စိတ်ဝင်စားမှုကို တိုင်းတာဖို့ အရိုးရှင်းဆုံးနည်းကတော့ click ဘယ်လောက်လုပ်သလဲ ဆိုတဲ့အချက်ပါပဲ။ ကိုယ်တင်လိုက်တဲ့စာကို လူမှုကွန်ရက် ပလက်ဖောင်းရဲ့ သတ်မှတ်ချက်အရ အပြည့်အဝ မဖော်ပြနိုင်တဲ့အခါ ဆက်လက်ဖတ်ရှုရန် (see more) ဆိုတဲ့ စာသားလေးကို နှိပ်ရတာကစလို့ ကိုယ့်အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ကို ရည်ညွှန်းတဲ့ လင့်ခ်တွေ၊ တခြားတစ်ခုခုကို ညွှန်းတဲ့ လင့်ခ်တွေကို သူတို့နှိပ်ကြတယ်ဆိုရင် သူတို့ဟာ ကိုယ့်တင်ဆက်မှုနဲ့ ကိုယ့်အဖွဲ့အစည်းအကြောင်း စိတ်ဝင်စားတာ သေချာပါတယ်။ ဒါပေမယ့် တချို့ကတော့ မကြာခင်မှာပဲ ပြန်ထွက်သွားတတ်ကြပါတယ်။ နောင်လည်း ပြန်မရောက်လာပါဘူး။ ဒါဆိုရင် ဆီလျော်မှုမရှိလို့၊ သူတို့ မျှော်လင့်ထားတာမျိုး မဟုတ်လို့ ဖြစ်နိုင်ပါတယ်။ အဲဒါကို bounce rate လို့ ခေါ်ပါတယ်။ bounce rate များတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။
Post တစ်ခုချင်းစီမှာ Like ဘယ်လောက်ရလဲ။
လူတွေရဲ့ သဘာဝက ကိုယ်ကြိုက်တာကို ကြိုက်တယ်လို့ ပြောပြထုတ်ဖော် ချင်ကြပါတယ်။ လူမှုကွန်ရက်မှာ post လေးတွေ တင်ပြီးတဲ့အခါ like များများရချင်ကြတာလည်း သဘာဝပါပဲ။ ပြီးတော့ like များများရလေ လူများများ မြင်နိုင်လေပါပဲ။ အထွေအထူး ထပ်ရှင်းပြနေဖို့တောင် မလိုတော့ပါဘူး။
Share ဘယ်လောက်ရလဲ။
ကိုယ်တင်ဆက်ထားတဲ့ post တစ်ခုက like တွေအများကြီး ရတယ်ဆိုရင် ကောင်းပါတယ်၊ ဒါပေမယ့် share ရရင် ပိုကောင်းတယ်လို့ ဆိုရမှာပါ။ like ရရင် တော်တန်ရုံ ကောင်းတယ်လို့ သတ်မှတ်ကြေးဆိုရင် share ပါ ရတယ်ဆိုရင်တော့ ထိတွေ့ဆက်ဆံမှုမှာ နောက်တစ်ဆင့်တက်သွားပါပြီ။ ဘာကြောင့်လဲဆိုရင် တချို့က စာကို သေချာမဖတ်၊ ဗီဒီယိုတင်ထားရင် ဆုံးအောင်မကြည့်ဘဲ ပြီးလွယ်စီးလွယ် like ပေးတတ်ကြတာပါ။ ဒါပေမယ့် သေချာ ကြည့်ပြီး ဖတ်ပြီးတဲ့အပြင် တခြားသူတွေကိုပါ မျှဝေချင်တဲ့အတွက် ပြန် share လုပ်လေ့ရှိကြပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက အရေးကိစ္စတစ်ခု၊ အကြောင်းအရာတစ်ရပ်ကို အသိပညာပေး၊ နှိုးဆော်တဲ့အခါ share များများရလေ ဦးတည်အုပ်စုထဲက လူတစ်ဦးချင်းက သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်းမှာပါ ပိုပြန့်နှံ့ဖို့ သူ့အနေနဲ့ ထောက်ခံအားပေးတယ်ဆိုတဲ့ သဘောဆောင်လို့ ပိုပြီး သက်ရောက်မှု ကောင်းစေပါတယ်။
(Facebook သုံးသူတချို့က ကိုယ့်အဖွဲ့အစည်းရဲ့ အကြောင်းရာ တင်ဆက်မှုနဲ့ သတင်းစကားတွေကို တိုက်ရိုက် share လုပ်တာမျိုးမဟုတ်ဘဲ ပြန်လည်ကူးယူပြီး ဖော်ပြတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါတွေကို သိနိုင်ဖို့ hashtag (#) အသုံးပြုပြီး အချိန်မှန် ရှာဖွေစောင့်ကြည့်တာမျိုးလည်း လုပ်နိုင်ပါတယ်။)
Comment ဘယ်လောက် ပေးကြသလဲ။
တင်ဆက်မှု အကြောင်းအရာတစ်ခုက ဆီလျော်မှုရှိတယ်၊ စိတ်ပါဝင်စားစရာ ဖြစ်တယ်၊ သတင်းအချက်အလက် ပေးစွမ်းနိုင်တယ်ဆိုရင် လူမှုကွန်ရက် အသုံးပြုသူတွေက မှတ်ချက်(comment) တွေ ပေးတတ်ကြပါတယ်။ (စိတ်ဝင်စားစရာ မကောင်းတဲ့၊ ရေရေရာရာမရှိတဲ့ အကြောင်းအရာတွေကို ဘယ်သူမှ တကူးတက မှတ်ချက်မပေးကြပါဘူး။)
မှတ်ချက်တွေ အပြန်အလှန်ပေးကြရင်းနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ ဦးတည်အုပ်စုကြားမှာ ကောင်းမွန်နွေးထွေးတဲ့ ဆက်ဆံရေးတွေ ထူထောင်နိုင်ပါတယ်။ ရံဖန်ရံခါ ဆန့်ကျင်တဲ့သဘောထားနဲ့ မှတ်ချက်တွေကို တွေ့ရတတ်ပေမယ့် နောင်ကျရင် ဦးတည်အုပ်စုနဲ့ ပတ်သက်လို့ ဘာတွေကို သတိထားရမယ်ဆိုတာ သိရှိသွားနိုင်လို့ မှတ်ချက်တစ်ခုမှ မရတာထက်တော့ အကျိုးရှိတာပါပဲ။
Mention ဘယ်လောက် လုပ်ကြသလဲ။
ကိုယ့်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေ၊ တင်ဆက်မှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်သုံးသူ လူတစ်ဦး ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုက ကိုးကားဖော်ပြပြီး ကိုယ့်အဖွဲ့အစည်းရဲ့အမည်ကို ရည်ညွှန်းပြောဆိုတာတွေကို social mention လို့ ခေါ်ပါတယ်။ (Facebook မှာဆိုရင်တော့ Tag လုပ်ပြီး Mention ခေါ်တာ ဖြစ်နိုင်ပါတယ်။)
ဒါတွေကို social listening tools တွေသုံးပြီး ရှာဖွေလို့ရနိုင်ပါတယ်။ အဲသလို ဖော်ပြမှုတွေကို ပုံမှန် ရေတွက်မှတ်သားပြီး ကိုယ့်ဘက်က ပြင်ဆင်သင့်တာကို ပြင်ဆင်ခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကို ပိုမိုကောင်းမွန်လာအောင် ကြိုးစားနိုင်ပြီး ဦးတည်အုပ်စုကို ပိုပြီး စိတ်ကျေနပ်မှု ဖြစ်စေနိုင်ပါတယ်။
လိုက်ပါဆောင်ရွက်မှု (Conversion and Lead)
အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူမှုကွန်ရက်ကို အသုံးပြုပြီး ဦးတည်အုပ်စုတွေကို ဆက်သွယ်ရာမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ သဘာဝချင်းမတူကြပါဘူး။ စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ရောင်းရဖို့ ရည်ရွယ်ကြချိန်မှာ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ငွေကြေးအကျိုးအမြတ် မျှော်ကိုးတာထက် စေတနာ့ဝန်ထမ်း ရှာဖွေတာ၊ အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ထဲက အကြောင်းအရာတွေကို မိတ်ဆက်လမ်းညွှန်တာ၊ အဖွဲ့အစည်းက ဆော်ဩတဲ့ အရေးကိစ္စတွေမှာ ပါဝင်ထောက်ခံစေချင်တာ၊ ရန်ပုံငွေ လှူဒါန်းစေချင်တာ စတဲ့ ရည်ရွယ်ချက်တွေ ထားရှိတတ်ကြပါတယ်။
ကိုယ့်အဖွဲ့အစည်းက လူမှုကွန်ရက်မှာ အစဉ်တစိုက်ဆက်သွယ်ခဲ့သမျှ နောက်ဆုံးမှာ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် အထမြောက်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အဲသလိုလိုက်ပါဆောင်ရွက်မှုတွေ လက်တွေ့ရမရကို အဖွဲ့အစည်းရဲ့ သက်ဆိုင်ရာ အခြားအချက်အလက်တွေနဲ့ ချိန်းထိုးနှိုင်းယှဉ် တိုင်းတာသင့်ပါတယ်။
အဲသလို အဖွဲ့အစည်းက ဖြစ်စေချင်တဲ့အတိုင်း ဦးတည်အုပ်စုထဲက လူမှုကွန်ရက်သုံးသူတွေ လက်တွေ့ လိုက်ပါဆောင်ရွက်လာကြရင် လူမှုကွန်ရက်သုံးပြီး ဆက်သွယ်ရကျိုး နပ်ပါပြီ။
ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်အသုံးပြု ဆက်သွယ်ရေးမဟာဗျူဟာ ဘယ်လောက် အလုပ်ဖြစ်နေသလဲဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာခြင်းအားဖြင့် အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေအနေနဲ့ လူမှုကွန်ရက်အတွက် အချိန်၊ ငွေကြေးနဲ့ လူအင်အား သုံးစွဲမှုတွေကို အထိရောက်ဆုံး ချင့်ချိန်အသုံးပြုနိုင်စေမှာပဲ ဖြစ်ပါတယ်။
အပိုင်း ၆ ကို ဖတ်ရှုပြီးစီးတဲ့အခါ ဒီလို နားလည်ခဲ့ပါသလား
Last updated
Was this helpful?